အချစ်သစ် ထပ်တွေ့သွားတဲ့ Pirate of the Caribbean စတား ဂျော်နီဒက်ပ်

Pirate of the Caribbean စတား ဂျော်နီဒက်ပ်ကတော့ လာ့စ်ဗီးဂတ်စ်မှာ သူ့ရဲ့ ဂီတအဖွဲ့ ဟောလိဝုဒ်ဗန်ပိုင်းယား နဲ့ဖျော်ဖြေခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အကမယ်လေးနဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

ရုရှ Go-Go အကမယ်လေး ပိုလီနာဂလင်းဟာ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ ဒက်ပ်နဲ့ မနှစ်တည်းက လော့စ်အိန်ဂျလိမှ ပါတီပွဲတစ်ခုမှာ တွေ့ဆုံခဲ့ကြတာပါ။ ဟောလိဝုဒ်စတား ဂျော်နီဒက်ပ်ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က လာ့စ်ဗီးဂတ် ဟိုတယ်နဲ့ ကာစီနိုရုံကြီး တစ်ခုမှာ ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ်။ သူ့အဖွဲ့မှာ အသက် ၇၁ နှစ်ရှိတဲ့ အဲလစ်ကူးပါး နဲ့ ၆၈ နှစ်ရှိပြီဖြစ်တဲ့ ဂျိုးပယ်ရီ တို့လည်း ပါဝင်တီးခတ်ဖျော်ဖြေခဲ့ကြပါတယ်။

ဒက်ပ်ဟာ သူ့သမီးငယ်ရဲ့နာမည်ဖြစ်တဲ့ လီလီရိုစ့် ကို အနက်ရောင်ဂျာကင်ရင်ဘတ်မှာ ပန်းထိုးထားပြီး အရိုးခေါင်းပုံ အစရှိတာတွေကိုလည်း စီချယ်ထားတာ တွေ့ရပါတယ်။ ဂီတာတီးခတ်နေစဉ်မှာတောင် Pirates of the Caribbean အလား ထင်မှတ်ရအောင် အဖြူရောင်ငွေလက်စွပ်တွေကို အပြည့်ဝတ်ဆင်ထားတုန်းပါပဲ။ ဒါ့အပြင် အဖြူရောင်ကိုင်းနဲ့ မျက်မှန်၊ အထပ်ထပ်ပါတဲ့ ဆွဲကြိုးတို့ကိုပါ ဆင်ယင်လာခဲ့တာပါ။

အခုနှစ်အစောပိုင်းမှာလည်း ဆာဗီးယားနိုင်ငံ၊ ဘဲဂရိတ်မြို့ရဲ့ ဟိုတယ်တစ်ခုကနေ ဒက်ပ်တစ်ယောက် ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးငယ်တစ်ယောက်နဲ့ တွဲထွက်လာခဲ့ပြီး အခုခါမှာတော့ သူမဟာ ပိုလီနာဂလင်း ဆိုတာ သေချာသလောက်ရှိနေပါပြီ။ ၂၀၁၈ ခုနှစ်မေလတုန်းကလည်း ဟောလိဝုဒ်ဗန်ပိုင်းယားရဲ့ ဖျော်ဖြေပွဲခရီးမှာ သူ့ဘေးကနေ လျှောက်နေတဲ့လူတွေထဲမှာ ပိုလီနာ ပါဝင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဒက်ပ်နဲ့ ပိုလီနာတို့ဟာ အတူတူနေထိုင်နေပြီလို့ သတင်းထွက်နေပါတယ်။

သူမနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ပိုလီနာဟာ ဂျော်နီနဲ့ အယ်လ်အေပါတီတစ်ခုမှာ တွေ့ခဲ့ကြပြီး နောက်ပိုင်း သူနဲ့မကြာခဏဆုံဖြစ်အောင် ပွဲတွေဖိတ်ကြားခံလာခဲ့ရတယ် လို့ဆိုပါတယ်။ ပါတီပွဲမှာ ပျော်ရွှင်နေတုန်း ဂျော်နီဒက်ပ်ရောက်လာတော့ သူမက မြင်မြင်ချင်း ဘယ်သူမှန်း မသိခဲ့ဘူးလို့ သိရတယ်။ ရုရှလူမျိုးဖြစ်တာကြောင့်လည်း ပါနိုင်ပါတယ်။