ဇာတိမြေ ပြန်ရောက်တိုင်း စိတ်ခုန်ရတယ်ဆိုတဲ့ မိုရီဆာကီဝင်း

ပရိသတ်အချစ်တော် မိုရီဆာကီဝင်းကတော့ ကောင်မလေးတွေ အသည်းနှလုံးကို ကိုင်လှုပ်နိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။ ဘာပဲပြောပြော ဘာပဲလုပ်လုပ် အကောင်းမြင်သူတွေ ပေါသလို စကားပြော ယဉ်ကျေးတာကြောင့်လည်း လူချစ်လူချင် များပါတယ်။ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မြန်မာရုပ်ရှင်လောကထဲမှာ ပွဲဦးထွက် ခြေချခဲ့တဲ့ အဝင်းက Star Awards ကပေးတဲ့ အကောင်းဆုံး အထူးသရုပ်ဆောင်ဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။ အလုပ်ကိစ္စကြောင့် ဂျပန်နဲ့ မြန်မာ နိုင်ငံကြား ကူးချည်သန်းချည် ဖြစ်နေတဲ့ အဝင်းကိုတော့ super star မီဒီယာက ခုလို တွေ့ဆုံ မေးမြန်းထားပါတယ်။

‘ဇာတိမြေ’ ကြောင့် အနုပညာလမ်းကြောင်း ပိုပေါက်ခဲ့ကြောင်း အဝင်းက ခုလို ပြောပါတယ်။“ကျွန်တော် ပါဝင်ခဲ့တဲ့ အလုပ်တွေ အားလုံးကို ချစ်သလို အားလုံးက မေ့လို့မရတဲ့ အလုပ်တွေချည်းပဲ။ ဒါပေမဲ့ အဲ့ထဲမှာမှ ‘ဇာတိမြေ’ က ကျွန်တော် မွေးဖွားတဲ့ မြန်မာပြည်ကို ပြန်လာပြီး ပထမဆုံး ရိုက်တဲ့ကားဖြစ်လို့ မေ့လို့မရဘူးဆိုတဲ့ စကားနဲ့တင် မပြီးဘူး။ ဒီဇာတ်ကားရှိခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ အနုပညာ လမ်းကြောင်း ပိုပေါက်လာတယ်လို့ ပြောလို့ ရပါတယ်။” လို့ ဆိုပါတယ်။

Win’s Show Time မှာ လက်ထပ်စာချုပ် ကိုင်ထားတာနဲ့ ပတ်သက်ပြီး အဝင်းက ခုလို ဖြေကြားသွားပါတယ်။“အော်… အဲ့ဒါကတော့ Season 2 ကြည့်ပေးမှ သိမယ်လို့ ထင်ရတယ်ဗျ။ အကောင်းပြောတာဗျ။ ဘယ်သူမှ လာမပေးဘူးခင်ဗျ။ လာပေးတော့လည်း ဘောလ်ပင် ယူမလာကြဘူး။ အဲ့တော့ ကျွန်တော့်မှာ ဘောလ်ပင် မရှိတော့ ချက်ချင်းလက်မှတ်ထိုးပေးလို့ မရဘူး ခင်ဗျာ။” ဆိုပြီး အတည်ပေါက် ပြောသွားခဲ့ပါတယ်။

PRIZMAX အဖွဲ့ဝင် ဦးရေ တိုးလာတဲ့အကြောင်းကိုလည်း အဝင်းက ခုလို ကြေညာသွားပါတယ်။“ကျွန်တော်တို့ အဖွဲ့က (၇) ယောက် ဖြစ်သွားပြီ။ ရှေ့ဆက် မြန်မာပြည်မှာ live show လုပ်လို့ရအောင်လည်း ဂျပန်နိုင်ငံမှာ ကြိုးစားနေတယ် ခင်ဗျာ။ အခုက အသစ်ပြန်ဖြစ်သွားတယ် ဆိုပြီးတော့ ခံစားရတဲ့ အပိုင်းတွေ ရှိနေလို့ ညှိနေရတာတွေ ရှိတယ်။ ကြိုးစားတဲ့ အချိန်လေး ဖြစ်နေတယ်။” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ပြန်လာတိုင်း တစ်နေရာပြီး တစ်နေရာ ပြောင်းသွားတယ်လို့ ခံစားရလို့ ဇာတိမြေရောက်တိုင်း စိတ်အမြဲခုန်ရကြောင်းလည်း အဝင်းက အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*