ဘာသာစကား ၁၅ မျိုးပြောတတ်တဲ့ ကလေး တရုတ်ပြည်တွင်ပညာသင်ရန်ရောက်ရှိ

Thuch Salik လို့ခေါ်တဲ့ ကမ္ဘောဒီးယားနိုင်ငံသား ကလေးငယ်ဟာ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ပြီး သူ့ရဲ့ ကျော်ကြားမှုကြောင့် ပိုမိုမြင့်မားတဲ့နေရာတွေကို တက်လှမ်းနိုင်ဖို့ အခြေအနေပေါ်ပေါက်လာပါပြီ။

မနှစ်က ကမ္ဘောဒီးယားကို အလည်လာတဲ့ မလေးဧည့်သည်တစ်ယောက်ကို ဘာသာစကားပေါင်းစုံပြောပြီး အမှတ်တရပစ္စည်းလေးရောင်းဖို့ကြိုးစားနေတဲ့ သူ့ရဲ့ ဘာသာစကားပေါင်းစုံ ပြောဆိုထားတဲ့ ဗီဒီယိုဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးဟာ ဆိုရှယ်နက်ဝပ်တွေမှာ ခေတ်စားသွားခဲ့ပြီးနောက် ကမ္ဘောဒီးယားသူကြွယ်တစ်ဦးဖြစ်တဲ့ Khit Chhern ဆိုသူက Thuch Salik အား တရုတ်နိုင်ငံမှာ ပညာကောင်းမွန်စွာသင်ကြားနိုင်ဖို့အတွက် အထောက်အပံ့ပေး တာဝန်ယူလာခဲ့တာပါ။

အဆိုပါဗီဒီယိုထဲမှာ Thuch ဟာ ကန်တုံတရုတ်စကား၊ မန်ဒရင်းတရုတ်စကား၊ အင်္ဂလိပ်၊ မလေး၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ စပိန်၊ ဂျာမန်နဲ့ ဖိလစ်ပိုင်ဘာသာစကားများဖြင့် ပြောကြားခဲ့တာပါ။ ဒါပေမယ့် Thuch ဟာ ဒီဘာသာစကားအားလုံးထဲမှာမှ တရုတ်နိုင်ငံမှာပဲ ပညာသင်ယူဖို့ ရွေးချယ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ သူ့ရဲ့ အနှစ်သက်ဆုံးဘာသာစကားဟာ တရုတ်ဘာသာဖြစ်တယ်လို့ ဆိုပြီးတဲ့နောက် အခုအခါ တရုတ်နိုင်ငံမှ Hailiang နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ သွားရောက်ပညာသင်တော့မှာ ဖြစ်ပါတယ်။

Salik ရဲ့ပညာရေးကို ထောက်ပံ့ပေးတဲ့ သူကြွယ် Chhern ဟာ သူ့ရဲ့ Facebook စာမျက်နှာမှာ ကြည်နူးစရာ အမှာစကားကိုရေးသားခဲ့ပြီး ၁၄ နှစ်သာ ရှိသေးတဲ့ Salik အတွက် နိုင်ငံရပ်ခြားမှာ ကြိုးစားပညာသင်ပြီး အောင်မြင်တဲ့ ကြင်နာတတ်တဲ့ လူသားတစ်ယောက်ဖြစ်လာပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။

ဓါတ်ပုံထဲမှာတော့ Salik ဟာ တရုတ်ပြည်ကို မထွက်ခွာခင် ကျေးဇူးရှင် Chhern ကို ဦးချကန်တော့နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ရောက်တဲ့အခါမှာလည်း သူ့ရဲ့အကြောင်းကို သိရှိထားပြီးဖြစ်တဲ့ တက္ကသိုလ်ဝန်ထမ်းတွေနဲ့ ပညာသင်ဖက်ကျောင်းသားများက နွေးထွေးလှိုက်လှဲစွာ လာရောက်ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။