ခေါက်ဆွဲခြောက်စားခြင်းက ကလေးတွေကို အခြောက်ဖြစ်စေနိုင်

အခုဇွန်လဟာ LGBT အခွင့်အရေးလှုပ်ရှားမှုအတွက် သတ်မှတ်ထားတဲ့ လဖြစ်ပြီး နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေက သူတို့ရဲ့လိုဂိုတွေမှာ သက်တန့်ပုံစံ LGBT အမှတ်အသားကို တင်ကြပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားမှ နိုင်ငံရေးသမားတစ်ဦးကတော့ တော်တော်လေးကို ထူးဆန်းတဲ့ မှတ်ချက်တစ်ခုကို ချမှတ်ခဲ့ပါတယ်။

အဲ့ဒါကတော့ ကလေးတွေကို အသင့်စားခေါက်ဆွဲခြောက်နဲ့ နို့မှုန့်ဖော်မြူလာ တို့က လိင်တူချစ်သူ အဖြစ် ပြောင်းလဲစေတယ် ဆိုတာပါပဲ။ မြို့တော်အဆင့် ကိုယ်ဝန်ဆောင်များတွေ့ဆုံပွဲတစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံ တန်ဂါရန်းမြို့တော်ရဲ့ အာရစ်ဖ် ဝစ္စမန်းရှားက အင်ဒိုကလေးငယ်တွေကို ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်စေဖို့ အားလုံးက အစက အာဟာရဓါတ်ဖြည့်တင်းပေးဖို့ပဲဖြစ်ပြီး အဓိကက မိခင်နို့တိုက်ကျွေးဖို့ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

သူ့အဆိုအရ လူကြီးတွေဟာ အလုပ်ကိစ္စတွေရှုပ်နေတဲ့အတွက် မိဘတွေဟာ ကလေးတွေကို နို့မှုန့်နဲ့ အသင့်စားခေါက်ဆွဲခြောက်တွေသာ ကျွေးမွေးကြတဲ့အတွက် ကလေးရဲ့ ကြီးထွားမှုအပေါ် ဆိုးရွားစွာ သက်ရောက်စေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပိုဆိုးတာက “အခုနောက်ပိုင်း LGBT တွေ ပိုများလာတာ ဘာမှ အံ့သြစရာမရှိဘူး” လို့ ထည့်ပြောခဲ့ခြင်းပါ။

ဝစ္စမန်းရှားကတော့ စေတနာနဲ့ ပြောကြားခဲ့တာဖြစ်ပေမယ့် နို့မှုန့်နဲ့ ခေါက်ဆွဲခြောက်စားလို့ ကလေးတွေ LGBT ဖြစ်လာတယ်ဆိုတဲ့ သူ့ရဲ့ ကောက်ချက်ကတော့ ဝိုင်းလှောင်ပြောင်ခံနေရပါတယ်။ ဒါပေမယ့် သူ့စကားဟာ အရှေ့တောင်အာရှဒေသမှာ LGBT နဲ့ပတ်သက်လို့ ရယ်စရာကောင်းတဲ့ ပထမဆုံး မှတ်ချက်တော့ မဟုတ်သေးဘူး ပြောချင်လွန်းလို့ တို့ရေ။ သိပ်မကြာသေးခင်ကမှ အင်ဒို ကာကွယ်ရေးဝန်ကြီးကလည်း LGBT လှုပ်ရှားမှုတွေဟာ နူကလီးယားစစ်ပွဲထက် ကြောက်ဖို့ ကောင်းတယ်လို့ ပြောခဲ့သလို ဇန်နဝါရီတုန်းကလည်း အင်ဒိုရဲ့ သိပ္ပံဝန်ကြီးက တက္ကသိုလ်တွေမှာ LGBT ကျောင်းသားတွေကို တက်ရောက်ခွင့်မပေးဖို့ တိုက်တွန်းခဲ့ပါသေးတယ်။