ကျနော်က အရမ်းပျော်ရွှင်စရာကောင်းတဲ့ လူတော့မဟုတ်ပါဘူးဆိုတဲ့ နေတိုး

ပြည်သူချစ်အနုပညာရှင် တယောက်ဖြစ်တဲ့ နေတိုးကတော့ အပြင်မှာ တည်ငြိမ်သူ တယောက်ဖြစ်သော်လည်း အနုပညာပိုင်းမှာတော့ အချစ်၊ အလွမ်း၊ အဆွေး၊ ဟာသ အကုန်လုံးကို ပိုင်နိုင်လွန်းတဲ့ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာအပေါ်ကို ရူးသွပ်တဲ့အကြောင်းနဲ့ သူက ဘယ်လိုလူစားမျိုးလဲဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

နေတိုးကတော့ MC နဲ့ အင်တာဗျူးတွင် လူရွှင်တော်လုပ်ပြီးမှ ပိုသွက်လာတာလားဆိုတဲ့ မေးခွန်းကိုတော့ “အဲ့လိုမျိုး ပြောင်းလဲသွားတာတော့ မဟုတ်ပါဘူး။ အဓိကကတော့ ကာရိုက်တာပေါ်မှာပဲ မူတည်ပါတယ်။ လူရွှင်တော် လုပ်တော့ ပျော်ပျော်ရွှင်ရွှင် ကာရိုက်တာပေါ့။ လူရွှင်တော် လုပ်တဲ့အချိန်မှာက ကာရိုက်တာကြောင့်လည်း အပြင်မှာ ပရိသတ်တွေနဲ့ ထိတွေ့တဲ့အခါ သူငယ်ချင်းတွေနဲ့ ထိတွေ့တဲ့အခါ ရီစရာလေးတော့ ပိုပြီးတော့ ပြောဖြစ်တာပေါ့။ ပုံမှန်ဆိုရင်တော့ ကျနော်က အရမ်းကြီး ပျော်ရွှင်စရာကောင်းနေတဲ့ လူတော့မဟုတ်ဘူး။ တည်ငြိမ်နေတဲ့သူတယောက်ထဲမှာ ပါတယ်။

ဒါပေမယ့်လည်း အရမ်းခင်မင်တဲ့ သူငယ်ချင်းတွေကြားမှာတော့ ကျနော့်ရဲ့ အပြုအမူတွေ လှုပ်ရှားမှုတွေက ကျနော့်အတွက်တော့ အရမ်းပျော်ရွှင်စရာကောင်းတယ်။ ကျနော့်အတွင်းစိတ်ကို သိတဲ့သူတွေကတော့ ကျနော့်ရဲ့ ဟာသဥာဏ်လေးကို နှစ်သက်တဲ့သူတွေ များပါတယ်။ အနုပညာတွေကို တခါတလေကျရင် ကိုယ်ကိုယ်တိုင်တောင်မှ အံ့သြမိပါတယ်။ မထင်မှတ်တဲ့ဟာမျိုးတွေ ကျနော့်ဆီကနေ တွေ့နေရတော့ သူတို့စိတ်ထဲမှာ အရင်ကထက်စာရင်တော့ လူရွှင်တော်လုပ်ပြီးမှ ရီစရာတွေ ပြောတတ်တယ်လို့ ထင်သွားတာ ဖြစ်နိုင်ပါတယ်။

ဟာသကိုလည်း ချစ်တယ်။ ဟာသ ပညာကိုလည်း မြတ်နိုးပါတယ်။ ကျနော်တို့ဆီမှာလည်း အနုပညာကို ဖော်ထုတ်တဲ့အချိန်မှာ အားသာချက်လေးတွေ ရှိကြတယ်ပေါ့။ ဒါလုပ်ကြည့်မယ်ဆိုပြီး လုပ်ကြည့်ပြီးရင် အောင်မြင်သွားတာတွေလည်း ရှိပါတယ်။ ပြီးရင်ကိုယ့်ဆီမှာ ရှိတဲ့ အနုပညာကို ကိုယ်တိုင်မမြင်တာတွေ ရှိပါတယ်။ တချို့မမြင်နိုင်တဲ့အရာတွေကို သူငယ်ချင်းတွေက တွန်းအားပေးလိုက်တာကြောင့် လုပ်ဖြစ်သွားတာလည်း ရှိပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*