ဒုက္ခရောက်နေတဲ့ကြားက အလှူငွေတွေအလိမ်ခံလိုက်ရတဲ့ ကစ်ကစ်

နိုင်ငံကျော်သရုပ်ဆောင်ကစ်ကစ်ဟာဆိုရင် ကျောက်ကပ် failure ဖြစ်နေပြီး ပရိသတ်တွေအရမ်းစိုးရိမ်ရတဲ့ အသက်လုရတဲ့ အခြေအနေကိုပါရောက်ခဲ့ပြီး အခုနောက်ပိုင်းမှ ပြန်လည်ထူထောင်လာတာဖြစ်ပါတယ်။ ကစ်ကစ်ကို သရုပ်ဆောင် ခင်သဇင်က ကူညီစောင့်ရှောက်ထားတာဖြစ်ပြီး အသက်ကယ်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။ အခုနောက်ပိုင်းမှာ ကစ်ကစ်ကို ပရိသတ်တွေ၊ချစ်သူခင်သူတွေလှူထားတဲ့အလှူငွေတွေကိုအလိမ်ခံလိုက်ရတယ်လို့ ဝမ်းနည်းစရာကြားသိရပါတယ်။ ကစ်ကစ်က မကြာသေးမီက MC နဲ့ interview မှာ အလှူငွေအလိမ်ခံလိုက်ရပုံကိုပြောပြလာခဲ့ပါတယ်။

ကစ်ကစ်က ကျန်းမာရေးအခြေအနေဆိုးရွားသွားတာကိုအခွင့်ကောင်းယူတာခံလိုက်ရတယ်လို့ “ဘဝကြီးက ကြောင်အိုကြွက်မလေးဖြစ်သွားတဲ့ဘဝ။ မျက်စိကလည်းမမြင်၊ ကျန်းမာရေးကလည်းမကောင်းဆိုတော့ ဒါကို အခွင့်အရေးယူချင်နေကြတဲ့ တောကြောင်တွေက လက်ခမောင်းခတ်ကြတာပေါ့လေ။ ခုချိန်မှာ ဘယ်လိုနွှာရမလဲ၊ဘယ်လိုလိမ်ရမလဲ၊ ဘယ်လိုဘတ်ရမလဲဆိုတာကိုအမြဲတမ်းစဉ်းစားတယ်။ အချို့ဆိုရင် ရုံးပြင်ကနားမှာ ကိုယ်ကအမှုနိုင်တယ်သူက အမှုရှုံးတယ်ဆိုတာ ကြုံခဲ့ရတယ်။အချို့ဆိုရင် ရှစ်လရှိပြီ သူတို့လုပ်ငန်းမှာ ရှယ်ယာဝင်ထားတာ။ သူလိမ်စားမှန်းလည်းကိုယ်မသိဘူး။ ကိုယ်ရှယ်ယာဝင်တဲ့ ပိုက်ဆံကိုပြန်ထုတ်တာ ။အဲဒါကိုထုတ်မပေးပဲနဲ့ကို လတွေအများကြီးကြာနေတာ။ အခုဆို ရှစ်လလောက်ရှိပြီ။ ငါ last warning ပေးမယ်။ ဒီလအတောအတွင်းမှာမပေးနိုင်ဘူးဆိုရင် ဥပဒေလမ်းကြောင်းအတိုင်းပဲ သွားတော့မယ်။ ထပ်ပြီးအလိမ်မခံနိုင်တော့ဘူး။ ဒီပိုက်ဆံတွေက ငါကိုယ်တိုင် ချွေးနဲ့ သွေးနဲ့ ရှာထားတာတွေမဟုတ်ဘူး။ ပြည်သူလူထုကချစ်လို့ လှူတန်းထားတဲ့ပိုက်ဆံတွေ၊ နင်တို့မို့လို့ စားရက်တာ ငါ အံ့သြလို့မဆုံးဘူး။ နင်လည်းကလေးတစ်ယောက်အမေ ငါလည်းကလေးတစ်ယောက်အမေ။ နင်က လင်နဲ့သားနဲ့ ငါက မုဆိုးမ ဟိုမရောက်ဒီမရောက်သမီးနဲ့ ။နှစ်ယောက်တည်းရုန်းကန်ရှာဖွေစားသောက်တာကိုမကူညီမထောက်ပံ့တဲ့အပြင် နင်တို့မို့လို့လုပ်ရက်တယ်လို့ ပြောလိုက်တယ်”လို့ ပြောထားပါတယ်။

အလိမ်ခံရတာတွေကလည်း ဝဋ်ကြွေးပါလာလို့ပဲလို့စဉ်းစားမိတယ်လို့လည်း “ယုဇနထဲမှာလည်းတစ်ယောက်ရှိသေးတယ်။ ဗိုက်ကြီးသည်။ ပိုက်ဆံလေးသုံးသိန်းကိုတိုင်ပတ်နေတာ။ စဉ်းစားမိတယ်။ ငါသည်ဝဋ်ကြွေးရှိလို့ ဝဋ်ကြွေးခံရမှာမို့လို့ မသေပဲနဲ့ ပြန်ရှင်ပြီး သေရွာပြန်ခဏခဏဖြစ်ပြီး ဒီလောကမှာအရင်ဘဝဟောင်းက အကုသိုလ်အကြွေးတွေကိုဆပ်စရာရှိသေးလို့ရှင်နေရတာလို့။ အကုသိုလ်တွေကိုကြေအောင်လည်းဆပ်သွားမယ်။ ဒါကလည်း ဘာသာရေးနဲ့နွယ်သွားပြီဆိုတော့ တရားနဲ့ပဲဖြေနေလိုက်ပါတယ်။ ကျန်တဲ့ကိစ္စတွေကတော့ ကိုယ့်မိသားစုတွေကိုယ့်အတွက်လှုပ်ရှားပေးသွားပါတယ်”လို့ ပြောထားပါတယ်။

အရင်တုန်းကအလိမ်ခံခဲ့ရပေမယ့် အခုတော့ ဂရုစိုက်ပေးမယ့်သူတွေရှိလာလို့ မခံရတော့ဘူးလို့ “အခု ဒီလိုအလိမ်ခဏခဏခံရပြီးနောက်ပို်င်းမှာ ကို်ယ့်အိမ်က မိသားစုအရင်းအခြာတွေက ကိုယ့်ဒီလိုဒုက္ခရောက်နေပြီမှန်းသိတော့ အရေးကြီးတော့ သွေးနီးလာတယ်လေ။ ကိုယ့်အစ်မကလည်းငွေရေးကြေးရေးနဲ့ပတ်သက်လို့ စည်းနဲ့စနစ်နဲ့ လုပ်ကိုင်ပေးတယ်။ ကိုယ့်တူကလည်း ဘယ်လောက်ပဲဆိုဘယ်လောက်ယူသွားဆိုပြီး လုပ်ပေးလိုက်တော့မှ လိမ်တာတွေဘတ်သီးရိုက်တာတွေ တစ်ခုမှမရှိတော့ဘူး။ အိမ်ကအစ်မနဲ့ အိမ်ကတူကိုအရမ်းလည်းကျေးဇူးတင်တယ်”လို့လည်းပြောပြသွားပါတယ်။

ကစ်ကစ်က နောက်ထပ်လည်းစိတ်ချလက်ချလှူလို့ရပါတယ်လို့အလှူရှင်တွေကို “ကစ်ကစ်အလိမ်ခံရတယ်ဆိုတာလည်း ကစ်ကစ်ရဲ့ ညံ့ဖျင်းမှုကြောင့် ကံမကောင်းမှုကြောင့်လို့ပဲ ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်တင်မိပါတယ်။ နောက်နောင်အလိမ်မခံရလေအောင်လည်း အားလုံးက ဂရုတစိုက်နဲ့ ထိန်းသိမ်းပေးနိုင်တဲ့အတွက် ရဲရဲဝံ့ဝံ့စိတ်ချလက်ချ ဖြောင့်ဖြောင့်တန်းတန်း ဖြူဖြူစင်စင်၊များများစားစား လှူနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့ချင်ပါတယ်”လို့ ရင်ဖွင့်စကားပြောကြားသွားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*