“THOR” Girl Version အဖြစ် THOR 4 မှာပါလာတော့မယ် Natalie Portman

Natalie Portman နဲ့ MCU နဲ့ဆိုတာ အရင်ကတည်းက ရာဇဝင်ရှိခဲ့ပြီးသားပါ။ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Natalie ဟာ Thor ရုပ်ရှင်တွေထဲမှာ Thor ချစ်ရတဲ့ သိပ္ပံပညာရှင်ကောင်မလေး Jane Foster အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး Thor နဲ့ Jane တို့ဟာ နတ်ဘုရားနဲ့ လူသားဖြစ်နေတာကြောင့် ဘယ်လိုပဲနီးကပ်ဖို့ကြိုးစားကြိုးစားမဖြစ်နိုင်တဲ့အခြေအနေမှာတစ်ယောက်ကိုတစ်ယောက်ချစ်နေတဲ့ အနေအထားကို ပြထားပါတယ်။ အဲဒီနောက်မှာတော့ Thor ပါဝင်တဲ့ ရုပ်ရှင်တွေနဲ့ MCU ရုပ်ရှင်တွေထဲမှာ Jane Foster ဟာ ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး Thor က သူနဲ့ Jane နဲ့ နှစ်ဦးသဘောတူလမ်းခွဲလိုက်တယ်ဆိုတဲ့ စကားနဲ့ပဲ ပရိသတ်တွေကို ဒီအတိုင်းထားသွားခဲ့ပါတယ်။

Endgame ထဲမှာတော့ အချိန်ခရီးသွားပြီး Stones တွေယူဖို့ တိုင်ပင်ဆွေးနွေးကြရာမှာ Thor က Reality Stone ကိုပြန်ယူဖို့ ရှင်းပြနေတုန်း Jane Foster ရဲ့ဓာတ်ပုံကိုတွေ့လိုက်ချိန်မှာ တွေဝေသွားပြီး စကားဦးတည်ချက်တွေသွေဖည်သွားပြီး သူကငါ့ရဲ့အချစ်ဟောင်းလေဆိုပြီး ပြောနေတဲ့အခန်းကိုကြည့်လိုက်ရတဲ့ ပရိသတ်တော်တော်များများက Thor က Jane အပေါ်ခံစားချက်တွေရှိနေတုန်းပဲလို့ဝေဖန်နေကြတာပါ။ ပရိသတ်တော်တော်များများကလည်း Thor နဲ့ Jane ကိုပြန်ပေါင်းထုပ်စေချင်နေခဲ့ကြပါတယ်။

ဒါပေမယ့် Jane အဖြစ်သရုပ်ဆောင်တဲ့ Natalie Portman က MCU ကနေ ပြဿနာအနည်းငယ်ကြောင့်ထွက်ခွာသွားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တာကြောင့် Jane နဲ့ Thor တို့ပြန်ပေါင်းထုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ထင်ထားခဲ့ကြတာပါ။ ဒါပေမယ့်အခုတော့ Jane ကို Thor နဲ့အတူပြန်မြင်ချင်တဲ့ ပရိသတ်တွေရဲ့မျှော်လင့်ချက်တွေပြည့်ဝတော့မယ်လို့ဆိုရမှာပါ။ Natalie Portman ဟာ Thor ရုပ်ရှင်အသစ် Thor: Love and Thunder မှာ Female Thor အဖြစ်ပါဝင်လာပြီး Thor နဲ့အတူတူယှဉ်တွဲသရုပ်ဆောင်တော့မှာဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။

ပြီးခဲ့တဲ့ San Diego Comic Con ပွဲမှာ Natalie က Female Thor အဖြစ် MCU ထဲကိုပြန်ဝင်လာတော့မယ့်အကြောင်း တရားဝင်အတည်ပြုပြောကြားခဲ့ပြီး Chris Hemsworth နဲ့ Valkyrie အဖြစ်သရုပ်ဆောင်တဲ့ Tessa Thompson တို့နဲ့အတူတူလက်တွဲသရုပ်ဆောင်သွားမှာဖြစ်ကြောင်း ပရိသတ်တွေကိုအသိပေးထားခဲ့ပါတယ်။ ရုပ်ရှင်နာမည်ကိုက Thor: Love and Thunder ဖြစ်တာကြောင့် ပရိသတ်တွေက Thor နဲ့ Female Thor ဖြစ်လာပြီဖြစ်တဲ့ Jane တို့ရဲ့ အချစ်ရေးပြန်လည်အသက်ဝင်လာတဲ့ဇာတ်ဝင်ခန်းတွေပါဝင်မယ်လို့မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့်အချို့ပရိသတ်တွေကတော့ Natalie က MCU ကနေ သူ့သဘောနဲ့သူထွက်သွားခဲ့တယ်ဆိုတာကြောင့်ရော ပြီးခဲ့တဲ့ Thor ရုပ်ရှင်တွေထဲမှာ Jane အဖြစ်သရုပ်ဆောင်တာညံ့တယ်ဆိုတဲ့ဝေဖန်ချက်တွေကြောင့်ပါ Natalie Portman ကို Female Thor အဖြစ်လက်မခံနိုင်ဘူးလို့ ခိုင်ခိုင်မာမာပြောဆိုနေကြတာတွေလည်းရှိနေပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Thor ရုပ်ရှင်တွေကိုနှစ်သက်ကြလား။ Thor ကို Jane Foster နဲ့ရော သဘောတူခဲ့ကြလား။ Thor ရုပ်ရှင်အသစ်မှာ Jane က နတ်ဘုရားဖြစ်သွားပြီး Thor နဲ့ အချစ်ဇာတ်လမ်းခင်းရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။