The Little Mermaid မှာ Prince Eric အဖြစ်သရုပ်ဆောင်ဖို့ငြင်းလိုက်တဲ့ Harry Styles

Ariel ဇာတ်ကားကို Live Action အဖြစ် Disney က အသက်ပြန်သွင်းတော့မယ်လို့ စပြီးသတင်းထွက်လာတဲ့အချိန်ကတည်းက တစ်ကမ္ဘာလုံးက ပရိသတ်တွေက Ariel နဲ့ Prince Eric နေရာမှာ ဘယ်သူတွေကသရုပ်ဆောင်မလဲဆိုတာ စိတ်ဝင်တစားဖြစ်ခဲ့ကြတာပါ။ သိပ်မကြာခင်ကပဲ Ariel နေရာမှာ ပါဝင်သရုပ်ဆောင်မယ့် မင်းသမီးကို Disney က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အဲဒီမင်းသမီးကတော့ လူမည်းမင်းသမီး Halle Bailey ပါ။ ဆွဲဆောင်မှုရှိတဲ့မင်းသမီးလေး Halle ကို Ariel အဖြစ်မြင်ရဖို့ရင်ခုန်နေတဲ့ ပရိသတ်တော်တော်များများရှိသလို Ariel က လူမည်းမဟုတ်လို့ လူမည်းမင်းသမီးကိုအသုံးပြုတာကိုမနှစ်သက်တဲ့ပရိသတ်တွေလည်းဒုနဲ့ဒေးပါ။ဘယ်လိုပဲဖြစ်ဖြစ် Ariel သရုပ်ဆောင်ရွေးချုယ်မှုကြီးကတော့ ဝေဖန်သံတွေဆူညံစွာနဲ့ပဲအတည်ပြုပြီးဖြစ်သွားခဲ့ပါပြီ။

Prince Eric နေရာကိုတော့ စိမ်းလက်တဲ့မျက်ဝန်းကျယ်တွေနဲ့ ယောက်ျားပီသတဲ့ မျက်နှာတည်ဆောက်ပုံမျိုးနဲ့ ရယ်လိုက်ရင်တော်တန်ရုံကောင်မလေးတွေမူးမေ့လဲသွားလောက်အောင်ချောတဲ့ Harry Styles ပဲပါဝင်သရုပ်ဆောင်သင့်တယ်လို့ တစ်ကမ္ဘာလုံးက ပရိသတ်တွေက တညီတညွတ်တည်း သဘောတူထားကြတာမို့ သိပ်ပြီးအငြင်းပွားဖွယ်ရာတွေမရှိပဲ Prince Eric Role ကိုရွေးချယ်ပြီးမြောက်သွားလိမ့်မယ်လို့ အကုန်လုံးကထင်ထားခဲ့ကြတာပါ။ ဒါ့အပြင် Disney ရဲ့ ရုပ်ရှင်မှာ Legendary Character တစ်ခုအဖြစ်ပါဝင်သရုပ်ဆောင်ရမယ့်ကိစ္စကို Harry က မငြင်းလောက်ဘူးလို့လည်းအကုန်လုံးကယူဆထားခဲ့ကြတာပါ။

ဒါပေမယ့်မကြာသေးမီကပဲ ကမ္ဘာအနှံ့ က ပရိသတ်တွေကို အံ့သြမင်သက်သွားစေတဲ့ သတင်းတစ်ခုထွက်လာခဲ့ပါတယ်။ အဲဒါကတော့ Harry က Prince Eric အဖြစ်သရုပ်ဆောင်ဖို့ငြင်းဆိုလိုက်တယ်ဆိုတဲ့သတင်းပါပဲ။ ငြင်းရတဲ့အကြောင်းကိုတော့ ရေရေရာရာသိရခြင်းမရှိသေးပဲ Harry ရဲ့ Agency ကလည်း သတင်းအတိအကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူးတဲ့။ ငြင်းရတာကတော့ Prince Eric ကာရိုက်တာဟာ Ariel မှာ သိပ်ပြီး သက်ရောက်မှုမရှိတဲ့အရေးမပါလှတဲ့ ရိုးစင်းလွန်းတဲ့ ကာရိုက်တာဖြစ်တာကြောင့်လို့ လူတွေကဝေဖန်နေကြပါတယ်။

ဒီသတင်းဟာ Harry ကို Prince Eric အဖြစ်မြင်ယောင်ထားကြတဲ့ ပရိသတ်တော်တော်များများကို စိတ်မကောင်းခြင်းကြီးစွာဖြစ်စေခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ Harry Styles အပြင် Prince Eric နေရာမှာသရုပ်ဆောင်ဖို့ ပရိသတ်ထောက်ခံမှုရထားတဲ့သူတွေကတော့ မိန်းမချောချောတဲ့ Shawn Mendes, Peter Kavinsky အဖြစ် နာမည်ကြီးလာတဲ့ Noah Centineo နဲ့ Peach လေးလို့ပရိသတ်တွေချစ်စနိုးခေါ်တာခံရတဲ့ Timothee Chalamet တို့ပဲ ဖြစ်ပါတယ်။ အဲဒီထဲက ဘယ်သူကများ Ariel လေးရဲ့ချစ်သူအဖြစ်ပရိသတ်တွေကိုဖမ်းစားဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။