Mini album ထွက်ရင် အဖေ့ကို အရင်ဆုံးပေးမယ်ဆိုတဲ့ Rachel Tayza

ဦးတေဇရဲ့ အငယ်ဆုံးသမီးလေး ရေချယ်တေဇက အီတလီနိုင်ငံမှာ ပညာသင်ကြားပြီး မြန်မာနိုင်ငံမှာတော့ အဆိုကောင်းလွန်းလို့ အောင်မြင်နေပါတယ်။ ‘ည’ ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ဝင်တေးနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ ရေချယ်တေဇက အကိုဖြစ်သူ ပြည့်ဖြိုးတေဇ နဲ့ ထက်တေဇတို့ရဲ့ ပံ့ပိုးမှုကိုလည်း ရှိတယ်လို့ ဆိုပါတယ်။ mini album ထွက်ဖို့ အစီအစဉ်ရှိတဲ့ ရေချယ်တေဇရဲ့ လက်ရှိလှုပ်ရှားမှုကို ခုလို သိရပါတယ်။

“မီနီအယ်လ်ဘမ်ပဲ လုပ်ဖြစ်နေတယ်။ သီချင်း (၈) ပုဒ်ပါမယ်။ ရေချယ် အစကတော့ ဇူလိုင် လကုန်က ထွက်ဖို့လုပ်ထားပေမဲ့ ဒီလကုန် ဒါမှမဟုတ် စက်တင်ဘာ ပထမပတ် ထွက်ပါမယ်။ သီချင်းအားလုံးကို ကိုယ်တိုင်ရေးတာပါ။” လို့ ဆိုပါတယ်။

သီချင်းစာသားတွေကို ကိုယ်တိုင်ရေးဖြစ်ပုံကိုလည်း ရေချယ်က ခုလို ပြောပြသွားပါတယ်။“သီချင်းရေးရင် တစ်ပုဒ်နဲ့ တစ်ပုဒ် မတူဘူး။ တစ်ခါတစ်လေ ဆိုလည်း တစ်ယောက်တည်း ရှိရင် ရေးတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်း စကားပြောရင်း စာကြောင်းတစ်ကြောင်း စိတ်ကူးတစ်ခု ခေါင်းထဲ ပေါ်လာရင် ဖုန်းထဲမှတ်ရေးလိုက်တယ်။” ဆိုပြီး ပြောပြသွားပါတယ်။

Cover song တွေ မဆိုတော့ဘူးလားဆိုတဲ့ မေးခွန်းအပေါ် ရေချယ်က ခုလို ဖြေကြားသွားပါတယ်။“Cover song က စိတ်ကူးပေါ်ရင် ပေါ်သလို ဆိုလိုက်တာ ဒါကြီးဆိုမယ် ဆိုပြီး မရှိဘူး။ ရေချယ်ကို ပိုသိလာတာက ည ကားထဲက ဇာတ်ဝင်တေးနဲ့ ပိုသိလာတယ် ထင်တယ်။ ရေချယ် အခု အယ်လ်ဘမ်ထွက်ရင် အထဲမှာ lyrics book လေးပါတယ်။ Mtv တစ်ပုဒ် ရိုက်ကူးမယ်။” လို့ ဆိုပါတယ်။

အနုပညာအပေါ် မိသားစုရဲ့ ပံ့ပိုးပေးမှုကိုလည်း ရေချယ်က ခုလို ပြောပြသွားပါတယ်။

“အစ်ကိုတွေကလည်းအားပေးပါတယ်။ ရေချယ် သီချင်းရေးရတာ ကြိုက်မှန်းသိတော့ သူတို့ကလည်း အားပေးပါတယ်။ အခွေထွက်ရင်တော့ ရေချယ့် အဖေကို အရင်ဆုံးပေးမယ်” ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။