နှစ်ပေါင်းတစ်ရာကျော်ကပုံနဲ့ နှိုင်းယှဉ်ထားတဲ့ အင်္ဂလန်ရဲ့ထင်ရှားတဲ့နေရာတွေ

တကယ်လို့ ပြောချင်လွန်းလို့ စာဖတ်သူတွေသာ အတိတ်တစ်နေရာကို ပြန်သွားခွင့်ရမယ်ဆိုရင် ဘယ်နေရာကို သွားပြီး လည်ပတ်ချင်သလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်မှာ ကမ္ဘာပေါ်က အတိုးတက်ဆုံးနဲ့ အဖွံ့ဖြိုးဆုံး အင်ပါယာတစ်ခုဖြစ်ခဲ့တဲ့ အင်္ဂလန်နိုင်ငံရဲ့ ရှုခင်းတွေဟာ အချိန်ခရီးသွားတွေအတွက် ရင်သပ်ရှုမောစရာ ဖြစ်နေမှာတော့ အမှန်ပါပဲ။ ဒီတစ်ခါ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၅ နှစ်က အင်္ဂလန်နိုင်ငံမှာ ရှိခဲ့တဲ့ ထူးခြားတဲ့နေရာတွေနဲ့ ယနေ့တူညီတဲ့နေရာရဲ့ မြင်ကွင်းတွေကို ယှဉ်တွဲဖော်ပြပေးပါရစေ။

၁. ဘရစ္စတို – စိန့်သြဂတ်စတင်း မြင်ကွင်း

စိန့်စတီဖင်ရဲ့ ချာ့ခ်ျကျောင်းဟာ ဘရစ္စတိုရဲ့ကောင်းကင်မှာ မြင်တွေ့ရတဲ့ နေရာတစ်ခုဖြစ်နေတုန်းပါပဲ။ ဒီကျောင်းဟာ ၁၄၇၀ ခုနှစ်ထဲက ရှိခဲ့တာဖြစ်ပြီး ယနေ့မှာတော့ အထပ်မြင့်အဆောက်အဦတွေနဲ့ အပြိုင် ရှိနေဆဲပါပဲ။ ဘေးက မြစ်လက်တက်ကိုတော့ မတွေ့ရတော့ဘဲ ရာစုနှစ်တွေအတွင်းမှာ မြစ်ချောင်းတွေကို ကူးသန်းသွားလာရေးအတွက် လိုသလိုပြောင်းလဲလေ့ရှိတဲ့ ဥပမာတစ်ခုပဲဖြစ်ပါတယ်။

၂. လီဗာပူး – စိန့်ဂျော့ဟော

လီဗာပူးက စိန့်ဂျော့ မြင်ကွင်းကတော့ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဘာမှသိပ်မပြောင်းလဲသွားတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ဓါတ်ရထားလမ်းတွေနေရာမှာ ကားလမ်းတွေက အစားထိုးသွားပြီး ပိုစနစ်တကျနဲ့ ရှင်းလင်းလာတာကိုပဲ တွေ့ရမှာပါ။

၃. လန်ဒန် – ဗစ်တိုးရီးယား ကူးတို့ဆိပ်

ဒီပုံထဲမှာမြင်တွေ့ရတဲ့ ထူးထူးခြားခြားရှေးဟောင်းသမိုင်းဝင်အရာကတော့ အလယ်တည့်တည့်နားမှာရှိတဲ့ ကျောက်တိုင်တစ်ခုဖြစ်ပြီး ၄င်းဟာ ၁၉ ရာစုတုန်းက အီဂျစ်ကနေ ဗြိတိန်နိုင်ငံကို လက်ဆောင်ပေးတဲ့ “ကလီယိုပါထရာ ဘုရင်မရဲ့ အပ်” လို့ခေါ်တွင်တဲ့ သက်တမ်းနှစ်ပေါင်း ၃၅၀၀ ကျော်ပြီဖြစ်တဲ့ ကျောက်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။ အခုပုံထဲမှာ မြင်တွေ့ခဲ့ရတဲ့ ကူးတို့ဆိပ်ပုံစံကို ၁၉၃၀ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး အခုအခါမှာ ပိုခေတ်မီကြီးမားတဲ့ ဗားရှင်းကို တွေ့ရမှာဖြစ်ပါတယ်။

၎. မန်ချက်စတာ – ဗစ်တိုးရီးယားလမ်း

ဗစ်တိုးရီးယားလမ်းရဲ့ ကျောက်ခင်းလမ်းဟာ မော်တော်ကားတွေ ပေါ်လာတည်းက နေရာဖယ်ပေးလိုက်ရပါပြီ။ ဒါပေမယ့် ပျောက်ဆုံးသွားတဲ့ အိုလီဗာခရွမ်ဝဲလ် ရုပ်ထုကတော့ ပြန်ပေါ်လာနိုင်ပါသေးတယ်။ ရင်ပြင်အစား ကားလမ်းတွေနဲ့ သစ်ပင်တွေ ပေါ်ပေါက်လာပြီး ကျန်တဲ့အဆောက်အဦတွေကိုတော့ ပုံစံမပျက် မြင်ရနိုင်ပါသေးတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာတာတောင် အဆောက်အဦတွေကို စည်းကမ်းရှိရှိ နဂိုပုံစံမပျက် ထိန်းသိမ်းထားနိုင်တာ ယဉ်ကျေးမှုမြင့်မားခြင်းရဲ့ ပြယုဂ်တစ်ခုပါ။

၅. နယူးကာဆယ် – ရဲတိုက်နှင့် ဘလက်ဂိတ်

ဘလက်ဂိတ် ‘Black Gate’ ရဲ့ ဆွဲတံတားကြီးဟာ ၁၂၅၀ ခုနှစ်က တည်ဆောက်ခဲ့ပြီး ဒုတိယ ဟင်နရီဘုရင်ရဲ့ ရဲတိုက်ဟာ နှစ်ပေါင်း ၈၀၀ ကျော်ပါပြီ။ သူတို့ကိုယ်တိုင်က ပြောင်းလဲမှုသိပ်မရှိပေမယ့် သမိုင်းဝင်အဆောက်အဦနှစ်ခုကြားက ထွက်ပေါ်လာတဲ့ အဆောက်အအုံတွေနဲ့ ကားလမ်းတွေကတော့ မော်ဒန်ခေတ်ကို ပြသနေပါပြီ။

၆. ဝေါ့သ်သင်း – ကမ်းခြေမြင်ကွင်း

ဝေါ့သ်သင်းရဲ့ ဆိပ်ခံတံတားကို ၁၈၆၂ ခုနှစ်ထဲက ဖွင့်လှစ်ခဲ့ပြီး ဟိုးအဝေးမှာ မြင်နေရတဲ့ အမိုးခုံး အဆောက်အဦကိုတော့ ၁၈၈၉ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်က တံတားကို ရိုက်ချိုးခဲ့တဲ့ မုန်တိုင်းမှာတောင် အမိုးခုံးအဆောက်အဦက မပျက်မစီးကျန်ရစ်ခဲ့တယ်။ ဒါပေမယ့် ၁၉၂၆ ခုနှစ်မှာ ပိုကြီးတဲ့ ဆိပ်ခံအဆောက်အဦကို တည်ဆောက်တဲ့အခါမှာတော့ ပျောက်ပျက်သွားခဲ့ပါတယ်။