ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်တဲ့ Miley Cyrus ကို အားပေးစကားပြောလိုက်တဲ့ Donald Trump

Miley Cyrus နဲ့ Liam Hemsworth တို့ဟာဆိုရင် ဆယ်စုနှစ်တစ်ခုကျော်အကြာတွဲလိုက်ပြတ်လိုက်နဲ့အရူးအမူးချစ်ခဲ့ကြပြီးနောက်မှာ ပြီးခဲ့တဲ့လပိုင်းအကြာက ရင်းနှီးတဲ့သူငယ်ချင်းတွေ၊မိသားစုတွေနဲ့အတူ မင်္ဂလာပွဲလေးကျင်းပခဲ့ပြီးလက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အမျိုးမျိုးသောအဆင်မပြေမှုတွေကြောင့် လက်ထပ်ပြီး ခုနစ်လအကြာမှာပဲ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

လမ်းခွဲရတဲ့အကြောင်းတွေကတော့ ကောလဟလအမျိုးမျိုးထွက်နေပြီး အဓိကက Miley က သူ့ကိုယ်သူလက်ထပ်ပြီး ဇနီးမယားတစ်ယောက်လို့မယူဆတာကြောင့်ဖြစ်ပါတယ်တဲ့။ Miley ကိုယ်တိုင်ကလည်း အင်တာဗျူးမှာ သူမဟာ ဘယ်တော့မှ ပုံမှန်သမားရိုးကျဇနီးမယားတစ်ယောက်ဖြစ်လာမှာမဟုတ်ကြောင်းနဲ့ လက်ထပ်လိုက်ပေမယ့် သူမက ယောက်ျားလေးတွေရော မိန်းကလေးတွေရောကို စိတ်ဝင်စားမှုရှိတုန်းပါပဲလို့ အင်တာဗျူးတွေမှာ ဖြေထားခဲ့ဖူးပါတယ်။

အခုလိုသူတို့နှစ်ယောက် လမ်းခွဲလိုက်တဲ့ကိစ္စမှာ ပရိသတ်တော်တော်များများက Miley ကို သနားနေကြတာပါ။ အကြောင်းကတော့ ပြီးခဲ့တဲ့နှစ်တွေအကြာကြီးအတွင်းမှာ Miley နဲ့ Liam နဲ့ဟာမကြာခဏပြတ်လိုက်တွဲလိုက်ဖြစ်နေခဲ့ပြီး Liam နဲ့ ပြတ်သွားတဲ့အချိန်တွေတိုင်းမှာ Miley ဟာ သူ့ကိုယ်သူဆုံးရှုံးလိုက်ရသလို ပျောက်ဆုံးသွားသလိုမျိုး လုပ်ချင်ရာတွေလုပ်ပြီး performance တွေကအစ အစွန်းရောက်တဲ့လုပ်ဆောင်ချက်တွေဖြစ်နေခဲ့ပြီး Liam နဲ့ ပြန်အဆင်ပြေသွားပြီဆိုတာနဲ့ ဟိုအရင်ကလို ပရိသတ်တွေချစ်တဲ့ အပြစ်ကင်းစင်ပြီးကလေးဆန်တဲ့ ရည်မွန်ယဉ်ကျေးတဲ့အသွင်နဲ့ မိန်းမငယ်လေးပြန်ဖြစ်သွားတာမြင်နေရလို့ပါပဲ။အခုတစ်ကြိမ်မှာတော့ Liam က Miley ရဲ့လုပ်ရပ်တွေကိုတကယ်စိတ်ကုန်သွားပြီဆိုတဲ့သတင်းတွေလည်း နိုင်ငံတကာသတင်းစာမျက်နှာတွေမှာမြင်နေရတာမို့ Liam က Miley ဆီကိုပြန်လာတော့မယ်မထင်ဘူးဆိုပြီး ပရိသတ်တွေက ဝိုင်းသနားနေကြတာလည်းဖြစ်ပါတယ်။

အဲဒီလို Miley ကိုသနားနေကြတဲ့အထဲမှာ တစ်ကမ္ဘာလုံးကပရိသတ်တွေနဲ့အတူ အမေရိကန်သမ္မတ Donald Trump လည်းပါဝင်ပါတယ်။ Donald Trump က Miley ကို “Liam ကိုဂရုစိုက်မနေပါနဲ့ မင်းဘဝမှာပိုကောင်းတာတွေလုပ်စရာရှိသေးတယ်။အချိန်တွေလည်းအများကြီးရှိသေးတယ်။ အားတင်းထားပါ”လို့ အဓိပ္ပါယ်ရတဲ့စာလေး Twitter မှာတင်ပြီးအားပေးခဲ့တာတွေ့ရပါတယ်။ သေချာကြည့်တော့မှအဲဒီစာဟာ လွန်ခဲ့တဲ့ခြောက်နှစ် 2013 မှာ Liam နဲ့ Miley တို့အကြီးအကျယ်ပြတ်စဲကြတုန်းက အားပေးထားတဲ့စာဖြစ်နေကြောင်းတွေ့ရပါတယ်။ အခုတော့ ပရိသတ်တွေက အဲဒီ စာကို Twitter မှာ retweet လုပ်နေကြပြီး Miley ကိုအားပေးနေကြတာတွေ့ရပါတယ်။

Liam ကလည်း မကြာသေးမီကသူ့ရဲ့ Instagram မှာ “Miley နဲ့ ကျွန်တော်နဲ့ လမ်းခွဲလိုက်ကြပါပြီ။ သူ့ဘဝကို ကျန်းမာပျော်ရွှင်စွာရှေ့ဆက်သွားနိုင်ဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ peace and love!”ဆိုတဲ့စာလေးနဲ့ သူတို့ရဲ့လမ်းခွဲမှုအကြောင်းပရိသတ်တွေကို အသိပေးထားခဲ့ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Miley နဲ့ Liam နဲ့ ဒီတစ်ခါတကယ်ပဲပြတ်စဲလိုက်ကြပြီလို့ထင်လား။ ဒါမှမဟုတ် ခဏတာစိတ်ကတောက်ကဆဖြစ်ပြီး မကြာခင်ပြန်အဆင်ပြေသွားမှာပါလို့ထင်ကြလား။ပြောခဲ့ကြပါဦး။